Thursday 17 May 2012

လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော် စာနယ်ဇင်းမိတ်ဆက်




တာရာဝေယံ၊ ရန်ကုန်၊ နိုဝင်ဘာ ၁၊ ၂၀၁၁
အောက်တိုဘာ ၃၁ မနက် ၁၀ နာရီက ရန်ကုန်မြို့၊ ဓမ္မစေတီလမ်း၊ အမှတ် ၁၂၆ မှာ ရှိတဲ့ Relax ဆိုင်မှာ လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော် (The Art of Freedom Film Festival 1- 4 January 2012) စာနယ်ဇင်းမိတ်ဆက်ပွဲ ကျင်းပခဲ့ပါတယ်။

( ကျော်သူ၊ ၀င်းငြိမ်း၊ မောင်မိုးသူ၊ နဲ့ ဧည့်သည်တော်များ၊ စာနယ်ဇင်းသမားများ)
အခမ်းအနားမှူးအဖြစ် ငှက်ပြောကျော်က ဆောင်ရွက်ခဲ့ပြီး ကိုဇာဂနာနဲ့ ဒါရိုက်တာမင်းထင်ကိုကိုကြီးတို့က ရုပ်ရှင်ပွဲတော် စတင်ဖြစ်ပေါ်လာပုံနဲ့ ရည်ရွယ်ချက်၊ အကြောင်းအရာ၊ ဆုချီးမြှင့်ခြင်း၊ နောက်ဆက်တွဲ အစီအစဉ်၊ ပြိုင်ပွဲဝင်ဇာတ်ကားများ၏ အရည်အသွေးသတ်မှတ်ချက် စသည်တို့ကို ရှင်းလင်းတင်ပြကြပါတယ်။
"ကျနော်ထောင်က လွတ်လာတော့ လေယာဉ်ပေါ်မှာ အတွေးတခုရတယ်။ ကျနော်လွတ်ပေမယ့် သူငယ်ချင်းတွေ မလွတ်သေးဘူး၊ အဲဒီအစီအစဉ်အတွက် လွတ်လပ်ခြင်းအကြောင်းကို documentary film လေးတခု ရိုက်ပါလားလို့ အန်တီစုက ပြောတယ်။ ကျနော်က နဲနဲကွန့်ပြီး ပြည်သူလူထုအများစု ပါဝင်ရိုက်ကူးကြတဲ့ လွတ်လပ်ခြင်းနဲ့ ပတ်သက်တဲ့ documentary film တွေ ရှိလာရင် ကောင်းမှာပဲလို့ ရခဲ့တဲ့ စိတ်ကူးက အခုလို လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော် ဖြစ်လာခဲ့တာပါ"
လို့ ကိုသူရခေါ် ကိုဇာဂနာက ပြောကြားခဲ့ပါတယ်။
(မကြာမီကလွတ်မြောက်လာသူ နီမိုလှိုင်)
တက်ရောက်ကြတဲ့ စာနယ်ဇင်းသမားတွေရဲ့ အမေးတွေကို ပြန်လည်ဖြေကြားပြီး အခမ်းအနားကို နေ့လည် ၁၂ နာရီမှာ အဆုံးသတ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေစဉ် စစ်အစိုးရရဲ့ ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရတဲ့ ကိုဇာဂနာကို ၂၀၀၈ ခုနှစ်မှာ ဥရောပအခြေစိုက် အနုပညာလွတ်လပ်ခွင့် အဖွဲ့အစည်းတခုက Freedom to Create Prize ဆုချီးမြှင့်ပေးခဲ့ဖူးပါတယ်။ အဲသည်ဆုကို လန်ဒန်ရောက် မိတ်ဆွေ ပန်းချီထိန်လင်းက ကိုယ်စားရယူခဲ့ပြီး အမေရိကန်ရောက် ကိုဇာဂနာ့ဇနီးနဲ့ သား၊ သမီးတို့ထံ ပေးအပ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်အတွက် Freedom to Create Prize မှာလည်း မြန်မာပြည်ကိုယ်စားပြု အနုပညာသည်တွေ ရရှိကြလိမ့်မယ်လို့ ထင်ကြေးပေးနေကြပါတယ်။ အဲသည် ဆုချီးမြှင့်ပွဲမှာ ကိုဇာဂနာက သူ့ကို ဆုချီးမြှင့်ခဲ့တဲ့ Freedom to Create Prize အဖွဲ့ကို အဝေးရောက် ရုပ်သံနဲ့ ကျေးဇူးစကားပြောမှာ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။
" အကျဉ်းစံဘ၀မှာတုန်းက အဲသည်လိုမျိုး ဆုရခဲ့ဖူးတဲ့ ကိုဇာဂနာ က သူကိုယ်တိုင် လွတ်မြောက်လာချိန်မှာ မြန်မာပြည်တွင်းမှာ သူကိုယ်တိုင်က လွတ်မြောက်တဲ့ အနုပညာတွေ ဖန်တီးခွင့်ရဖို့၊ ပြည်သူလူထုနဲ့အတူ ဂုဏ်ပြုချီးမြှင့်ခွင့် ရနိုင်ဖို့ ကြိုးစားတဲ့ လုပ်ငန်းဟာ အလွန် အချိန်အခါသင့်တဲ့ လုပ်ရပ်ပဲ ဖြစ်တယ်"
လို့ စာနယ်ဇင်းဆရာတဦးက သုံးသပ်လိုက်ပါတယ်။

No comments:

Post a Comment