Thursday 17 May 2012

တန်ဆောင်မုန်းလပြည့်ညမှာ တန်ဆောင်တိုင်ပွဲတော် ဓမ္မအေးရိပ် ကျင်းပ
မိုးမခအထောက်တော် (ဥကလံ)၊ နိုဝင်ဘာ ၁၁၊ ၂၀၁၁
ယမန်နေ့က၊ ဆန်ဖရန်ဘေးဧရိယာ၊ ဥက္ကလံမြို့ရှိ မြန်မာတိုင်းရင်းသားမိသားစုများ ထူထောင်ထားသည့် ဓမ္မအေးရိပ်ဘုန်းတော်ကြီးကျောင်း ညနေခင်းမှာ မှာ တန်ဆောင်တိုင်ပွဲတော် မီးပူဇော်ပွဲနဲ့ ရိုးရာသင်္ကန်းရက်ပွဲ၊ ပံ့သကူသင်္ကန်းပစ်ပွဲ၊ ၀တ်ရွတ်ပွဲတို့ ကျင်းပကြသည်ကို တွေ့ရသည်။


ပွဲတော်တွင် ဒကာ၊ ဒကာမများနှင့် ကလေးသူငယ်များမှ ဆီးမီးများ ပူဇော်ထွန်းညှိခြင်း၊ ဆေးပေါင်းခသော မယ်ဇလီဖူးသုတ် ကျွေးမွေးလှူဒါန်းခြင်း၊ အခြားသော စားသောက်ဖွယ်ရာများ ကျွေးမွေးလှူဒါန်းခြင်း၊ ကျောင်းထိုင်ဆရာတော် ဦးအရိယာစရာမှ တန်ဆောင်တိုင်ပွဲတော်နှင့် ပါတ်သက်သော အကြောင်းအရာများနှင့် သာမည ဖလသုတ် အကြောင်းကို ဟောပြောခြင်း၊ ဓမ္မအေးရိပ်ကျောင်း ယဉ်ကျေးလိမ္မာဝတ်ရွတ်အသင်းမှ ယဉ်ကျေးလိမ္မာကဗျာများရွတ်ဆိုပူဇော်ခြင်း၊ ဓမ္မရောင်ခြည် ၀တ်အသင်းသူ အသင်းသားများမှ ပါဌာန်း ပစ္စယနိဒ္ဒေသပါဠိကို ရွတ်ဖတ်ပူဇော်ခြင်းတို့ ပြုလုပ်ကြသည်။


မြန်မာရိုးရာဗုဒ္ဓဘာသာဝင်တို့ ဆင်နွဲသည့် လှုပ်ရှားမှုများအဖြစ် မသိုးသင်္ကန်း ချုပ်လုပ်ပြိုင်ဆိုင်ခြင်း၊ ကလေးများအတွက် ပင့်သကူ သင်္ကန်းပစ်ခြင်း၊ ပိုက်ဆံများ ပစ်လှူဒါန်းကြခြင်း၊ ရှာဖွေကောက်ယူကြခြင်း၊ ပံ့သုကူအများဆုံး ရှာနိုင်သော ကလေးကို ဆုထပ်မံပေးခြင်းတို့ကို ပြုလုပ်သည်ကို တွေ့ရသည်။
၎င်းနောက် ဧည့်ပရိသတ်တို့သည် အရပ်လေးမျက်နှာ၊ အရပ်ရှစ်မျက်နှာ၊ အရပ်ဆယ်မျက်နှာ အနန္ဒ သတ္တ၀ါများကို မေတ္တာပို့ သပြီး အိမ်ပြန်ကြပါသည်။


No comments:

Post a Comment